//

စီးပွားရေးတက္ကသိုလ်(ရွာသားကြီး) ကျောင်းသားကျောင်းသူ ၂၄ဦးအား ပညာသင်ထောက်ပ့ံကြေးပေးအပ်

ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသားကြီး) တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဒုတိယနှစ် ကျောင်းသားကျောင်းသူ ၂၄ဦးအား ထိုင်ဝမ်အခြေစိုက် Taiwan Shin Kong Commercial Bank ၏ ပညာသင်ဆုပေးအပ်ပွဲအား ဇန်နဝါရီ ၃၁ရက် နံနက် ၉ နာရီက ဆူးလေဘုရားလမ်း နှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဆာကူရာတာဝါ၌ ကျင်းပခဲ့သည်။ တစ်ဖက်တစ်လမ်းမှ ကူညီပေး
“ကျွန်တော်တို့က စီးပွားရေးတက္ကသိုလ် (ရွာသားကြီး)မှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူ ၂၄ဦးကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစပြီး စကော်လားရှစ်ပေးခဲ့ပါတယ်။ အခုအကြိမ်ကတော့ ဒုတိယအကြိမ်ပါ။ ပထမတစ်ကြိမ်ပေးတုန်းက ပထမနှစ်ကျောင်းသားကျောင်းသူ ၂၄ဦး၊ အခုဒုတိယအကြိမ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ဒုတိယနှစ်ကျောင်းသားကျောင်းသူ ၂၄ဦးပါ လေးနှစ်ဆက်တိုက်စကောလားရှစ်ပေးအပ်သွားမှာပါ။ မြန်မာပြည်မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေဟာ အနာဂတ်နိုင်ငံရဲ့ထွန်းတောက်လာမယ့်မျိုးဆက်သစ်တွေဖြစ်တာကြောင့် သူတို့လေးတွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးတဲ့အနေနဲ့ရည်ရွယ်ပြီးပေးအပ်တာပါ” ဟု Taiwan Shin Kong Commercial Bank မှ Chief Representative Mr. Chen Ming Chuan က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။ အဆိုပါ Taiwan Shin Kong Commercial Bank မှ ပညာသင်ဆုကို စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအားပေးအပ်လျက်ရှိသည့်အပြင်အခြားတက္ကသိုလ်များတွင်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကို ပါပေးအပ်သွားရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ တစ်ဖက်တစ်လမ်း
“ဒီနေ့ရတဲ့ စကောလားရှစ်ကို ကျွန်မရဖို့အတွက် အဓိကကကျောင်းကဆရာဆရာမတွေသင်တဲ့စာတွေကို သေချာနားထောင်မှတ်သားရသလိုအပြင်မှာလည်းလေ့လာမှုတွေ လုပ်ပါတယ်။ စကောလားရှစ်ရတယ်ဆိုတာကို ဆရာတွေကအကြောင်းကြားတဲ့အချိန်အရမ်းပျော်သွားပါတယ်။ကျွန်မရဲ့ရည်မှန်းချက်အတွက်လျှောက်လှမ်းနေတဲ့အချိန်မှာတစ်ဖက်တစ်လမ်းကနေအထောက်အကူတစ်ခုအနေနဲ့ရသလိုကျွန်မရဲ့ကြိုးစားမှုတွေအရာထင်သွားတာကြောင့် အရမ်းလည်းဝမ်းသာပါတယ်။ ဒီစကောလားရှစ်ရတဲ့အတွက် နိုင်ငံတကာအကြောင်းကိုလည်းပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသွားပြီး မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကိုပါ အကျိုးပြုတဲ့သူဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အဓိကဘာသာရပ်ဖြင့် ဒုတိယနှစ်တက်ရောက်နေသည့် မဖူးဖူးမြမှူးခင် ကမြန်မာတိုင်းမ်သို့ ပြောဆိုသည်။ ဒေါ်လာ ၃၀၀ စီချီးမြင့်
Taiwan Shin Kong Commercial Bank မှ ရန်ကုန်စီပွားရေးတက္ကသိုလ် (ရွာသားကြီး) တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူ၂၄ဦး အား ပညာသင်ဆုပေးအပ်ရာတွင် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်ဆရာဆရာမများ ရွေးချယ်ပေးသည့် ကျောင်းသားကျောင်းသူများကိုသာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် ဒေါ်လာ ၃၀၀ စီပေးအပ်ချီးမြှင့်ခဲ့သည်။